ရန်ကုန်၊ ဇန်နဝါရီ ၇
မြန်မာနိုင်ငံ၏ အကြီးဆုံး
ကုန်စိမ်းဈေးကြီးဖြစ်သော ရန်ကုန်မြို့တော် လှိုင်မြို့နယ်၊
ဘုရင့်နောင်လမ်းမကြီး ပိတောက်ချောင်း မှတ်တိုင်ရှိ သီရိမင်္ဂလာ ဈေးသစ်တွင်
ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၂နာရီခန့်က ပျံကျ ဈေးရောင်းချသူများနှင့်
စည်ပင်မှ ဝန်ထမ်းများ အကြား နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း
မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ဈေး၏ မျက်နှာစာရှိ
ကားရပ်နားရန် နေရာများတွင် ပျံကျဈေးသည်များ ဈေးမရောင်းရန်
ဈေးတာဝန်ခံရုံးက ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သော်လည်း
ပျံကျဈေးသည်များ ဆက်လက် ဈေးရောင်းချနေကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့
ညနေပိုင်းက စည်ပင်ဝန်ထမ်း ၂၀၀ ခန့်က ဈေးရောင်းချမည့် ပျံကျ ဈေးသည်များကို
တားဆီးခဲ့ရာမှ နှစ်ဖက် အခြေအနေ တင်းမာလာခဲ့ပြီး ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၂
နာရီခန့်တွင် ဈေးရောင်ခွင့် မရသော ပျံကျဈေးသည်များက ခဲများဖြင့် စည်ပင်
ဝန်ထမ်းများကို ပစ်ခတ်ခဲ့ကြောင်း အဆိုပါဈေးတွင် ကုန်စိမ်း
ဈေးရောင်းချသူများက ပြောကြားသည်။
“ညနေ ၆ နာရီလောက် ကတည်းက
ဈေးသည်တွေက ဈေးရောင်းဖို့ ပြင်နေပေမယ့် စည်ပင်က ခွင့်မပြုဘူး။ မနက်ပိုင်း
ရောက်တော့ ဖြစ်တော့တာပဲ။ ရပ်ထားတဲ့ ကားတွေကိုလည်း ရန်ရှာမှာစိုးလို့ ခဲနဲ့
ထုနေတဲ့အချိန် ကားတွေလည်း မောင်းပြေးရတယ်” ဟု ကုန်စိမ်း သယ်ယူရေးယာဉ်မှ
အငှားယာဉ်မောင်း တစ်ဦးက ပြောဆိုသည်။
ပျံကျ ဈေးသည်များက
ခဲများဖြင့် ပစ်ခတ်မှုကြောင့် စည်ပင်သာယာ ဝန်ထမ်းများ ထွက်ပြေးခဲ့ရပြီး
စည်ပင် ဝန်ထမ်းတစ်ဦး၏ လက်တွင် ဒဏ်ရာရရှိကာ စည်ပင်ပိုင်ယာဉ်တွင် မှန်များ
ကွဲရှခဲ့ကြောင်း မျက်မြင်များက ပြောဆိုသည်။
အဆိုပါဈေးတွင်
ပျံကျဈေးသည်များ ရှင်းလင်းရေးကို အထူးစီမံချက်ဖြင့် ဆောင်ရွက်သွားမည်
ဖြစ်သောကြောင့် ပျံကျဈေး ရောင်းချသူများကို ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ
သတ်မှတ် နေရာများတွင် ဈေးရောင်းချရန် ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်
ကြေညာခဲ့ကြောင်း၊ စည်ပင်သာယာက စီမံချက်အတိုင်း ဆောင်ရွက်ခဲ့ရာမှ
ဖြစ်ပွားသည့် ပြဿနာနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားလိုခြင်း မရှိကြောင်း
သီရိမင်္ဂလာဈေး၏ ဈေးသာယာရေးရုံးခန်းမှ တာဝန်ရှိသူများက ပြောဆိုသည်။
စည်ပင်သာယာ
ဝန်ထမ်းများ ခဲဖြင့် ထုနှက်ခံရမှုနှင့် ပတ်သက်၍ ဆက်လက် လုပ်ဆောင်မည့်
အခြေအနေကို သီရိမင်္ဂလာဈေးသစ်ရှိ ဈေးတာဝန်ခံ ရုံးခန်းသို့ သွားရောက်
မေးမြန်းရာတွင် တာဝန်ရှိသူက ပြောကြားခြင်း မရှိသဖြင့် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ ဈေးများ ဌာနမှ အကြီးတန်းအရာရှိ တစ်ဦးထံ ဆက်သွယ်
မေးမြန်းခဲ့ရာ ၎င်းအနေနှင့် အဆိုပါ ကိစ္စကို အသေးစိတ် မသိရသေးကြောင်း ပြန်လည်
ဖြေဆိုခဲ့သည်။
အဆိုပါ စည်ပင်ဝန်ထမ်းများကို ခဲဖြင့်
ထုနှက်ခဲ့မှုနှင့် ပတ်သက်၍ ပျံကျ ဈေးသည်များကို (ပ)၇/၁၄၊ ပြစ်မှုပုဒ်မ ၂၉၄၊
၃၃၂ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း လှိုင်မြို့နယ်၊ပိတောက်ချောင်း
နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖြေကြား ပေးသော်လည်း လူဦးရေကိုမူ
ပြောကြားခြင်း မရှိပေ။
သီရိမင်္ဂလာဈေးသစ်မှာ မြန်မာနိုင်ငံ၏
အကြီးဆုံး ကုန်စိမ်း လက်ကားဈေးကြီးပြီး ဈေးရုံပေါင်း ကိုးရုံ၊ တရားဝင်
ဆိုင်ခန်းပေါင်း ၂၀၁၇ ခန်းရှိပြီး အဆိုပါ ဈေးရုံများ၏ ဘေးဘက်နှင့်
နောက်ကျောဘက် များတွင် ပျံကျ ဈေးသည်များအတွက် နေရာများ သတ်မှတ်
ပေးထားသော်လည်း ယင်းနေရာ များထက် ဈေးရှေ့တွင်ရှိသည့် ကားရပ်နားရန် နေရာ
များတွင်သာ ရောင်းချရန် လိုလားကြကြောင်း အဆိုပါဈေးထံမှ စုံစမ်းသိရှိရသည်။
Wednesday, January 8, 2014
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment