Monday, December 16, 2013

အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ မကျေနပ်

အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ
နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ မကျေနပ်

ရန်ကုန်မြို့သုဝဏကွင်းတွင် ကစားနေသော အုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွင် မြန်မာယူ-၂၃ အသင်မှာ အင်ဒိုနီးရှား ယူ-၂၃ အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီဖြစ်သည်။ မြန်မာအသင်းမှာ ပထမပိုင်းတွင် ပွဲထွက်စာရင်း၌ ကြည်လင်းကို ဒဏ်ရာကြောင့် အသုံးမပြုနိုင်ခဲ့ဘဲ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာသည် ကောင်းစည်သူကို အထောင်တိုက်စစ်မှူးအဖြစ်ထားကာ ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတစ်ပိုင်းလုံး မြန်မာအသင်းမှာ ကစားကွက်မမိခဲ့ဘဲ တိုက်စစ်မှာလည်း တစ်ဖက်အသင်းကို လုံးဝခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပေ။ မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာသည် ဒုတိယပိုင်းရောက်မှသာ ကျော်ကိုကို ကို လူစားလဲထည့်သွင်းခဲ့ပြီး အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်းနှင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း တိုက်စစ်တွင် အားထားရခြင်းမရှိသည့် ကောင်းစည်သူကို လူစားမလဲခဲ့ဘဲ မြန်မာအသင်းမှာ ပထမပိုင်း ၃၆ မိနစ်တွင် ပေးခဲ့ရသည့် တစ်လုံးတည်းသော ပင်နယ်တီဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ယင်းပွဲတွင် မြန်မာအသင်း၏ လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်ပြီး ပရိသတ်များမှာ မကျေမနပ်ဖြစ်နေကြကြောင်းလည်း သိရှိရသည်။
`` First Lineup ထုတ်ကတည်းက ဘာဖြစ်လို့ ကျော်ကိုကို ကို မထည့်ခဲ့တာလဲ၊ ကြည်လင်းမကစားနိုင်တာကို သိပါတယ်။ ကြည်လင်းမကစားနိုင်လည်း ကျော်ကိုကိုနဲ့ ကျော်ဇေယျာဝင်း တွဲထုတ်လို့ ရတာပဲ။ အဓိကမြန်မာအသင်း ရှုံးရတာ လူထုတ်ပုံညံ့ဖျင်းလို့ပဲ။ ဒီလောက်အရေးကြီးတဲ့ပွဲမျိုးမှာ ဘာစိတ်ကူးနဲ့ ဒီလို လုပ်ရသလဲလို့ နည်းပြပတ်ဆောင်ဟွာကို မေးချင်တယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေ ဆုံးရှုံးရတာ သူ့အပေါ်မှာ လုံးလုံးတာဝန်ရှိတယ်´´ ဟု သုဝဏကွင်းအတွင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ပရိသတ်တစ်ဦးဖြစ်သူ ကိုတင်အောင်မိုးက ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget