ဒေါ်အောင်ဆန်းစုကြည်ဟု ဆိုလိုက်သည်နှင့် မြန်မာပြည်သူတို့၏
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဟု လူတိုင်း မျက်စိထဲ
ပြေးမြင်မိကြသည်။ ဖခင်ဗိုလ်ချုပ်၏ နိုင်ငံအပေါ် ကိုယ်ကျိုးစွန့်
အနစ်နာခံခဲ့မှု၊ ပေးဆပ်ခဲ့မှု၊ တိုင်းပြည်၏ လွတ်လပ်ရေး ဖခင်ကြီးအဖြစ် မြန်မာ့
လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် အဓိကစွမ်းဆောင်ပေးခဲ့မှုတို့က
ပြည်သူလူထု၏ရင်ထဲ အသည်းထဲတွင် လူသာသေဆုံးသွား သော်လည်း နာမည်မသေခဲ့။ အမြဲ
ရှင်သန်နေသူ ဗိုလ်ချုပ်၏ ကျေးဇူးကားပြောမကုန်နိုင်ပါ။ စစ်အာဏာဖြင့်
အုပ်ချုပ်မှု အောက်မှ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ လာခဲ့ပြီးနောက်
ဗိုလ်ချုပ်သမီး ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဖအေတူ သမီးတစ်ယောက်အဖြစ်
အနာဂတ် မြန်မာနိုင်ငံကို ဦးဆောင် မည့်သူ တစ်ယောက်အဖြစ်
မျှော်လင့်လာကြသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတမျိုးသားလုံး၏ နှလုံးသည်းပွတ်
ဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း ကဲ့သို့ ငါဆိုသည့် မာန်မာနမရှိ။ မိမိသည်လည်း
အများထဲမှ သာမန်လူတစ်ယောက်အဖြစ် မှတ်ယူ၍ အများအကျိုးကိုသာ ထမ်းရွက်ချင်သည့်
စိတ်စေတနာမျိုး ပိုင်ဆိုင်ပါသည်လော။ အပေါ်ယံ ကြည့်လျှင်အဖေတူသမီးပဲဟု
လွယ်လွယ် မှတ်ချက်ချလိုက်နိုင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်
ဗိုလ်ချုပ်၏ စိတ်ဓာတ်မျိုးပိုင်ဆိုင်ဖို့ အများကြီးလိုအပ်ပါသေးသည်။ မိမိ၏
စကားပရိယာယ်မကြွယ်ဝမှု၊ နိုင်ငံ ရေးဗျူဟာ အားနည်းမှု၊ နောက်လိုက်များ၏
လော်ဘီလုပ်လွန်ကဲမှု တို့ကြားမှာ ဒေါ်အောင်ဆန်းစုကြည် ၏ပုံရိပ်
တဖြည်းဖြည်းကျဆင်းလာနေသည်မှာ အဖေနှင့် တူသော သမီးဟုမှတ်ချက်ချရန်
မဖြစ်နိုင်သေးဟု ဆိုလျှင် လွန်အံ့ဟုမထင်ပါ။
ဖခင်ဗိုလ်ချုပ်သည် အတူကတွ လွတ်လပ်ရေးရယူရန်အတွက် ပြည်မတောင်တန်း မခွဲခြားဘဲ
တိုင်းရင်းသား များနှင့်ယုံကြည်ချစ်ကြည်မှုရရှိရန်တိုင်းရင်းသားဒေသများသို့
ဟောပြောပွဲခရီးများထွက်ခဲ့သည်။
သမီးဖြစ်သူ သည်လည်း ဖအေတူသမီး တစ်ယောက်ပီသဖို့ ပြည်နယ်များသို့ ခရီးများ
ထွက်ခဲ့ပါသည်။ သို့သော် ဗိုလ်ချုပ်သည် ဗိုလ်ချုပ်ဖြစ်၍ သမီးသည် သမီးသာ
ဖြစ်သည်။ ဖခင်ဗိုလ်ချုပ်၏ ပြည်နယ်ခရီးစဉ် များတွင် ယခု
သမီးဖြစ်သူ၏ခရီးစဉ်များကဲ့သို့ သွားကတည်းက အခြွေအရံ အသင်းအပင်းမများ။
လိုအပ် သည့် လူများနှင့်သာ တောကိုကျော် တောင်ကိုဖြတ်၍
ခရီးဆက်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏
ခရီးစဉ်တွင်မူ ပါသည့်လူက ကြိုသည့်လူထက်များနေသည်ဟု ဆိုရလောက်အောင် စထွက်ကတည်းက အုံနှင့် သင်းနှင့် ဖြစ်သည်။
ဗိုလ်ချုပ်၏ ပြည်နယ်ခရီးစဉ်တစ်ခုကို တင်ပြချင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်တွင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရေး၊
တိုင်းရင်းသား အားလုံး သွေးစည်းညီညွတ်ရေး အတွက် ကရင်ပြည်နယ်ရှိ
ဘားအံမြို့နှင့် လှိုင်းဘွဲ့မြို့၊ ကပ္ပလီကျေးရွာတို့တွင်
ဟောပြောပွဲများပြုလုပ်ရန် ခရီးထွက်ခွာခဲ့သည်။ ခရီး လမ်းတစ်လျှောက်တွင်
တောင်ကို ကျော်၊ တောကို ဖြတ်၊ မြစ်ကို ကူး၍ ဘားအံသို့ ရောက်ခဲ့ကြသည်။
ဘားအံမှာ သမိုင်းဝင်မိန့်ခွန်းပြောဆိုပြီး နောက် ကပ္ပလီ ကျေးရွာသို့
ခရီးဆက်ခဲ့ကြသည်။ ဗိုလ်ချုပ်သည် နိုင်ငံ့အရေးအတွက် မမောနိုင် မပန်းနိုင်
အနားမယူဘဲ ခရီးဆက်ခဲ့ပြီး လမ်းခရီးတွင် ဖြတ်သန်းခဲ့ရသော ထီလုံကျေးရွာ၊
ဒိုင်းပြကျေးရွာ၊ လှိုင်းဘွဲ့မြို့ တို့တွင် ဟောပြောပွဲများ
ပြုလုပ်ခဲ့သည်။ဗိုလ်ချုပ်ကို ရောက်လာ
ရာဒေသရှိဒေသခံတိုင်းရင်းသားတို့က သောင်းသောင်းဖြဖြကြိုဆိုကြ၍ ဗိုလ်ချုပ်
မိန့်ခွန်းပြောဆိုရာသို့ လာရောက်နားထောင်သူများမှာလည်း များပြားလှသည်
ဖြစ်ရာ သစ်ပင်ပေါ်တက်ကြည့်လျှင် သစ်ပင်ကျိုး ကြ၍ ဇရပ်ပေါ်တက်ကြည့်လျှင်
ဇရပ်ကျိုးကျသည်အထိ ဗိုလ်ချုပ်၏ မိန့်ခွန်းအပေါ် ထောက်ခံနားထောင် ကြသည်။
လှိုင်းဘွဲ့မှတဆင့်ခရီးဆက်ခဲ့ရာ ကပ္ပလီ ကျေးရွာသို့ရောက်ရှိစဉ်
ဘုရားကျောင်းဝင်း အတွင်းရှိ မူလတန်း ကျောင်းတွင် ဗိုလ်ချုပ်တို့
ညအိပ်ရန်အတွက် ဒေသခံတို့ကစီစဉ်ပေးထားကြသည်။ ကျောင်းသည် ဟိုတယ် မဟုတ်။
တည်းခိုခန်းမဟုတ်။ သူဌေးတစ်ဦး၏ အိမ်ကြီးရခိုင်မဟုတ်။ သို့သော် ဗိုလ်ချုပ်က
ဘယ်မှာတည်း ပါရစေ။ အိပ်ပါရစေ မတောင်းဆို။ ချေးမများ။ မိမိသာ
မူလတန်းကျောင်းတွင် တည်းခိုပါက ကျောင်းရှိ ဆရာများနှင့် ကျောင်းသားများ
အနှောင့်အယှက်ပြုမည်စိုးသဖြင့် မူလတန်း ကျောင်းပေါ်တွင် မအိပ်ဘဲ
ကျောင်းနှင့် မနီးမဝေးရှိ ပိန္နဲပင်အရင်းတွင် သွားရောက်ပြီး ပုခက် ဆင်၍
အိပ်စက်ခဲ့သည်။ ဗိုလ်ချုပ် ကရင် ပြည်နယ်သို့ ရောက်ရှိချိန်သည် ဇန်န၀ါရီလ
ဖြစ်ပြီး ဆောင်းရာသီ၏ ချမ်းအေးမှု ဒဏ်ကိုမမှု သစ်ပင်အောက် က ပုခက်လေးပေါ်တွင်
ဗိုလ်ချုပ်တစ်ယောက်၏ ရာထူးအရှိန်အ၀ါ မာန်မာနကင်းကာ သာမန်လူ တစ်ယောက်ကဲ့သို့
အိပ်စက်ခဲ့သည်။ အဘယ်မျှ လေးစားဖို့ ကောင်းလိုက်သနည်း။ ဒေသခံတို့က
ဗိုလ်ချုပ် ညအိပ်ခဲ့သော ထိုပိန္နဲပင်ကို ယနေ့အထိ သမိုင်းဝင်အမှတ်တရအဖြစ်
ထိန်းသိမ်း စောင့်ရှောက်ထားခဲ့သည်။
ဒီ ပိန္နဲပင်ကြီးအောက်မှာ ဗိုလ်ချုပ် ပုခက်လုပ်လို့ အိပ်ခဲ့တယ်
နောက်တစ်နေ့ ၁၉၄၆ခုနှစ်၊ ကရင် နှစ်သစ်ကူးနေ့ နံနက်မိုးလင်းချိန်တွင်
ဒေသခံတိုင်းရင်းသားများအား ဗိုလ်ချုပ်က တရားဟောသည်။
လာရောက်နားထောင်သူပေါင်း ၃ သောင်းကျော်ရှိသည်။ မည်သူမျှ လာကြ ပါဟု
ဆော်သြစရာမလို။ဗိုလ်ချုပ်အပေါ် ကြည်ညိုလေးစားကြသည် ဖြစ်၍
လာရောက်နားထောင်ကြခြင်း သာ ဖြစ်သည်။ ဗိုလ်ချုပ်၏ အဆိုပါ
ခရီးစဉ်ကိုကြည့်လျှင်ဗိုလ်ချုပ်သည် ခရီးစဉ်အစအဆုံးတိုင် အပင်ပန်းခံ၍
သွားလာခဲ့ပြီး မိမိအပေါ်မည်သို့ပင် ဧည့်ဝတ်ပြုကြိုဆိုသည်ဖြစ်စေ
မာန်မာနကင်းစွာဖြင့် လက်ခံသည်ကို တွေ့ရသည်။
ခရီးစဉ်တစ်လျှောက် ဗိုလ်ချုပ်၏ စေတနာမှန်ကြောင့် ဗိုလ်ချုပ်အပေါ်
ကြိုဆိုထောက်ခံသူများပြားခဲ့သည်ကို တွေ့ရသည်။သမီးဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်သည်လည်း မိမိအပေါ် လူထုထောက်ခံရေးနှင့်ဖွဲ့စည်းပုံ
ပြင်ဆင်ရေးအတွက် တိုင်းရင်းသားများထံမှ ထောက်ခံမှု ရရှိစေရန်
တိုင်းရင်းသားဒေသများသို့ ခရီးထွက်၍ ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိချင်းပြည်နယ် ခရီးစဉ်တွင်
ပြောစမှတ်ဖြစ်လောက်အောင် ပြသနာများ ဖြစ်ပွားခဲ့သည်။ ခရီးစဉ် စကတည်းက
ပျော်ပွဲစား ထွက်သည့်ပမာ နောက်လိုက် ခြွေရံများစွာပါဝင်ခဲ့သည်။
ခရီးစဉ်အတွင်းမှ ဟားခါးမြို့သို့ ရောက်ရှိချိန်တွင် များပြားလှသော
လူအုပ်နှင့် တည်းခိုစရာ ပြသနာတက်တော့သည်။ တည်းခိုစရာ အခက်အခဲဖြစ်၍
ပြည်ထောင်စုရိပ်သာရှိ ဒုတိယသမ္မတတည်းခိုသည့် အခန်းတွင် နေရာချထားပေးသော်လည်း
ပါလာသည့် များပြားလှသည့် လူအားလုံးအတွက် အခန်းမပေးဟုဆိုကာမြို့ထဲရှိ
ချယ်ရီတည်းခိုခန်းသို့ သွားတည်း ခဲ့သည်။ ထိုနေရာတွင် ဗိုလ်ချုပ်နှင့်
ကွာသည်မှာ ဗိုလ်ချုပ်သည် မိမိအိပ်ဖို့ စီစဉ်ပေးထားသည့်တိုင် မိမိ ကြောင့်
အများအနှောင့်အယှက်ဖြစ်မည် စိုး၍ သစ်ပင်အောက်သွားအိပ်ခဲ့သည်။
အဆိုပါတည်းခိုခန်းတွင် အိပ်ရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်၏ လော်ဘီ
အချို့ကမကျေမနပ်ဖြင့် အပြစ်တင်ဝေဖန်ခဲ့ကြသည်။ ထိုပြသနာများတွင်
လော်ဘီများကို မထိန်းသိမ်းနိုင်သော ဒေါ်အောင်ဆန်းစုကြည်အတွက် သိက္ခာကျဆင်း
ခဲ့ရသည်။
ခရီးစဉ်တွင်ဒေါ်အောင်ဆန်းစုကြည် အိပ်စက်ခဲ့သော အိပ်ယာ
သစ်ပင်အောက်ရှိ ပုခက်ထဲတွင် ချမ်းချမ်းအေးအေးအိပ်ခဲ့ရသော ဗိုလ်ချုပ်နှင့်
တည်းခိုခန်းက စောင်ထူထူ ထဲတွင် အိပ်စက် ခဲ့ရသော်လည်း မကျေနပ်နိုင်သော
သမီးဖြစ်သူတို့တွင် မည်သူ၏ စိတ်ဓာတ်က ခေါင်းဆောင်ကောင်း တစ်ယောက် ပိုပီသ
သနည်းဆိုသည်ကို တွေးစရာပင် လိုမည်မဟုတ်ပါ။ ထို့ပြင် ရောက်ရာအရပ်ရှိ
ဟောပြောပွဲများတွင် ဖိတ်ခေါ်စရာမလိုဘဲ ကြိုဆိုအားပေးသူ နားထောင်သူ များပြား
သော ဗိုလ်ချုပ်နှင့် လာရောက်နည်းထောင်သူ နည်းပါး၍ ၀န်ကြီးဌာနများရှိ
ဝန်ထမ်းများနှင့် ကျောင်းသား များကို ရုံးချိန်၊ ကျောင်းချိန်အတွင်း
လာရောက်နားထောင်စေချင်သူတို့တွင်မည်သူက ပို၍ လူချစ်လူခင်များ သနည်း။
ကားတစ်တန်၊ လှေတစ်တန်ဖြင့် မိမိလိုရာခရီးသို့အပင်ပန်းခံ ခရီးဆက်သော
ဗိုလ်ချုပ်နှင့် နမ့်စန်သို့ သွားရန်အတွက် လေယာဉ် စင်းလုံးငှားသူတို့တွင်
မည်သူက ပို၍ လေးစားစရာ ကောင်းသနည်း။ ဗိုလ်ချုပ်၏
အတူတကွလွတ်လပ်ရေးရယူရန်အတွက် ပြည်မတောင်တန်း မခွဲခြားဘဲ
တိုင်းရင်းသားများနှင့် ယုံကြည်ချစ်ကြည်မှု ရရှိစေရန် သွားရောက်သော
ခရီးစဉ်နှင့် အခြေခံဥပဒေ ပြင်ဆင်ပြီး သမ္မတဖြစ်စေရေး သွားရောက်စည်းရုံးသော
ခရီးစဉ်တို့တွင် မည်သည်က ပို၍ ထောက်ခံစရာကောင်းသနည်း။
ယခုကဲ့သို့ ထောက်ပြခြင်းများသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ
မုန်းတီးပြီး သမ္မတ မဖြစ်စေ လိုသောကြောင့် ပြောဆိုခြင်း မဟုတ်ဘဲ ပြည်သူတို့၏
အသည်းနှလုံးဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း၏ ရင်သွေးရတနာ သမီးဖြစ်သူအပေါ်တွင်
ဗိုလ်ချုပ်ကဲ့သို့ စိတ်ဓာတ်မျိုးထားရှိ စေလိုခြင်းသာ ဖြစ်သည်။
ဗိုလ်ချုပ်၏ မျိုးဆက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် အဖေတူ
သမီးတစ်ယောက် ပီသ စေလို၍ သာဖြစ်သည်။၂၀၁၅ အလွန်တွင် မည်သူ သမ္မတဖြစ်ပါစေ၊
မည်သူ သမ္မတ မဖြစ်ပါစေနှင့် ဟူ သော စိတ်မျိုးမရှိဘဲ
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့စိတ်ဓာတ်မြင့်မြတ်၍ အနာဂတ် နိုင်ငံနှင့်
ပြည်သူ့အကျိုးကို ကိုယ်ကျိုးစွန့်၍ထမ်းဆောင်လိုသူ မည်သူကို မဆို
လက်ကမ်းကြိုနေမည်သာ ဖြစ်သည်။
ကိုရင်သာဗြော(ပတ္တမြားမြေ)






0 comments:
Post a Comment